မျက်စိထိခိုက်ဒဏ်ရာရရင် ဘယ်လိုရှေးဦးပြုစုမလဲ
မျက်စိဟာ နူးညံပြီး နေ့စဥ်ဘဝအတွက် အရေးပါလှတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုပါ။ မျက်စိမရှိရင်၊ မျက်စိမမြင်ရရင် အသက်မသေပေမယ့်လည်း တော်တော်တော့ ကြေကွဲဝမ်းနည်းစရာကောင်းမှာပါ။ မွေးရာပါမျက်စိအလင်းမရတာထက် ရှိနေပြီးသား အမြင်အာရုံပျောက်ကွယ်သွားရတာဟာ ချောက်ထဲရုတ်တရက် ပြုတ်ကျသွားသလို ခံစားရစေမှာမို့ မျက်စိကျန်းမာရေးက အရေးပါတယ်ဆိုတာ ငြင်းလို့မရပါဘူး။
အမြင်အာရုံ ဆုံးရှုံးစေတဲ့ အကြောင်းတွေထဲမှာ မျက်စိကို ထိခိုက်ဒဏ်ရာရတာကလည်း တစ်ခုအပါအဝင်ပါ။ မျက်စိကို ထိခိုက်ဒဏ်ရာရတာက အရေးကြီးပါတယ်။ အချိန်မီကုသမှုရမှသာ အမြင်အာရုံဆုံးရှုံးခြင်းနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မှာပါ။
ဒါကြောင့် အဖြစ်များတဲ့ မျက်စိထိခိုက်ဒဏ်ရာရစေတဲ့ အကြောင်းနဲ့ ဘယ်လိုရှေးဦးပြုစုမလဲဆိုတာ ပြောပြပေးသွားပါမယ်။
(1) ဓာတုပစ္စည်းတွေ မျက်စိထဲဝင်ခြင်း
ဓာတုပစ္စည်းတွေထဲမှာ အက်ဆစ်တွေဖြစ်တဲ့ လက်သည်းဖျက်ဆေး၊ အစွန်းချွတ်ဆေးနဲ့ ဆပ်ပြာရည်၊ မှန်နဲ့
ကြွေပြားဂျီးချွတ်ဆေး၊ ဘက်ထရီက အက်ဆစ်ရည်၊ ဗင်နီကာတွေ နဲ့ အယ်ကာလီတွေဖြစ်တဲ့ ဓာတ်မြေသြဇာ၊ ဗျောက်အိုး စတာတွေက အဖြစ်များပါတယ်။ အဲဒီလို ဓာတုပစ္စည်းတွေကိုကိုင်ရင် မျက်မှန် သို့မဟုတ် မျက်စိအကာအကွယ်တပ်တာ၊ လက်အိတ်ဝတ်တာ၊ mask တပ်တာမျိုး လုပ်သင့်ပါတယ်။
မတော်လို့ မျက်စိထဲဝင်ခဲ့ရင် စိတ်ငြိမ်ငြိမ်ထားပြီး မျက်စိကို ဆေးနိုင်မယ့်နေရာရောက်သည်အထိ သတိထားပြီး မျက်စိကို ဖွင့်ထားပါ။ မျက်စိကို မှိတ်တာမျိုးလုပ်ရင် ဓာတုပစ္စည်းတွေက မျက်စိထဲကို ပိုမိုဝင်ရောက်နိုင်ပြီး မျက်စိကိုထိခိုက်စေမှာပါ။ မျက်စိကို ဖွင့်ထားပြီး ရေများများနဲ့ ၁၅ မိနစ်-မိနစ် ၂၀ ခန့် ဆေးကြောပါ။ ပြီးရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းကို သွားပြီး နားလည်တတ်ကျွမ်းတဲ့ဆရာဝန် သို့မဟုတ် မျက်စိဆရာဝန်နဲ့ ပြသပါ။ မျက်စိထဲကို ဘာဝင်သွားသလဲဆိုတာ ပြောနိုင်ဖို့ အရေးကြီးပါတယ်။
(2) ပြင်ပအရာတစ်ခုခုဝင်ခြင်း
ပြင်ပအရာက ဖုန်တွေ၊ အမှိုက်တွေ ဖြစ်နိုင်သလို ပိုးကောင်လို သံတိုသံစ၊ သစ်သားစလို အရာမျိုးနဲ့ မျက်တောင်မွှေးလည်း ဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့် မျက်စိထဲကို တစ်ခုခုဝင်တဲ့အခါ မျက်ရည်ထွက်လာပြီး ထိုပြင်ပအရာကို ပြန်ထွက်သွားအောင် လုပ်ဆောင်ပေးပါတယ်။
မျက်စိကို မပွတ်မိဖို့ သတိထားပါ။ အပေါ်မျက်ခမ်းနဲ့ အောက်မျက်ခမ်းကို ဖြဲထားပြီး မျက်ဆံကို လှည့်ပတ်ကြည့်ခြင်းဖြင့် ကစားပေးတာကို ထပ်ခါထပ်ခါ လုပ်ပါ။ မျက်စိကို ဖွင့်လျက်သား ရေများများနဲ့ ဆေးကြောပေးပါ။
ပြင်ပအရာက ထွက်မလာရင် အတင်းအကျပ်ထုတ်ဖို့ မကြိုးစားဘဲ မျက်စဥ်းခပ်ပြီး သန့်ရှင်းတဲ့ အဝတ်စ သို့မဟုတ် ပတ်တီးစအုပ်ပြီး ဆေးရုံဆေးခန်းသွားပါ။
မျက်စိက ခိုးလိုးခုလု ဖြစ်နေသေးရင် ထိုပြင်ပအရာက ထွက်သွားတာသေချာအောင်နဲ့ မျက်ကြည်လွှာမှာ ထိခိုက်ရာခြစ်ရာတွေ ရှိမရှိ သေချာအောင် မျက်စိဆရာဝန်နဲ့ ပြသဖို့ သင့်ပါတယ်။ လိုအပ်ရင် ဆရာဝန်က မျက်စိထိခိုက်တာ သက်သာအောင် မျက်စဥ်းဆေး ပေးပါလိမ့်မယ်။
(3) ထိခိုက်ဒဏ်ရာရခြင်း
ဒါကတော့ ရန်ဖြစ်ရင်း အထိုးခံ၊ အရိုက်ခံရတာ၊ ချော်လဲတာ၊ ဆိုင်ကယ်မှောက်၊ ကားမှောက်တာ စတာတွေကြောင့် မျက်စိက ဒဏ်ရာရတာမျိုးပါ။
မျက်စိဒဏ်ရာနဲ့အတူ အသက်အန္တရာယ် စိုးရိမ်ရတဲ့ တခြားဒဏ်ရာတွေ ရှိမရှိ စစ်ဆေးပါ။
ရေခဲကို အဝတ်နဲ့ပတ်ပြီး ၁၅ မိနစ်- မိနစ် ၂၀ ခန့် မျက်စိပေါ် အုပ်ထားပါ။ ၂၄ နာရီပြည့်ရင် ရေနွေးဝတ်ကို ပြောင်းတာက သွေးခြေဥခြင်းကို လျော့ကျစေပါတယ်။
တကယ်လို့ ဒဏ်ရာရတဲ့ မျက်စိက အရည်တွေထွက်နေတာ၊ နာတာမသက်သာတာ၊ မျက်စိအတွင်း သွေးယိုတဲ့ လက္ခဏာရှိတာ၊ အမြင်အာရုံဝါးလာတာ စတဲ့လက္ခဏာတွေ ရှိနေရင်တော့ ဆေးရုံဆေးခန်းကို ချက်ချင်းသွားပါ။
(4) ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာ ရခြင်း
ဒီလိုဒဏ်ရာရရင် ဆရာဝန်ဆီ အမြန်ဆုံးသွားဖို့ လိုအပ်ပါတယ်။ ဆရာဝန်ဆီမသွားခင် ဒဏ်ရာရရခြင်း မျက်စိကို ရေမဆေးပါနဲ့။ တစ်ခုခုဝင်နေတာမျိုးတွေ့ရင်လည်း ထုတ်ဖို့ မကြိုးစားပါနဲ့။ မျက်စိကို ပတ်တီး သို့မဟုတ် သန့်ရှင်းတဲ့အဝတ်စနဲ့ အုပ်ပါ။ တစ်ခါသုံးစက္ကူခွက်ရဲ့ အောက်ခြေပိုင်းကို ဖြတ်ကာ မျက်စိပေါ် မှောက်အုပ်ပြီး တိပ်နဲ့ကပ်လို့လည်း ရပါတယ်။ ပြီးရင်တော့ ဆရာဝန်ရှိရာသို့ အမြန်ဆုံးသွားပါ။
မျက်စိဟာ အရေးပါတဲ့ ကိုယ်အင်္ဂါတစ်ခုပါ။ မတော်တဆ ဒဏ်ရာရတဲ့အခါ မှန်ကန်စွာ ရှေးဦးပြုစုခြင်းဖြင့် အမြင်အာရုံ ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ကြပါစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်